My Account

တနင်္ဂနွေ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (သောကြာ သက်ရောက်)

သင် . . . ဒီနှစ်မှာ သင့်ကို မလေးစားတဲ့သူတွေကတောင် ကြည်ညိုလေးစား လာကြလိမ့်မယ်။ ဒီနှစ်ဟာ ကံကောင်းတဲ့နှစ်လို့ ဆိုရလိမ့်မယ်။
  ကိုယ်က ဖြစ်သလို ဝတ်စားတာကို ဘေးလူက ကြည့်လို့ကောင်းနေတတ်တယ်။ ထမင်းစားတဲ့ အခါလည်း ဟင်းကောင်းဖို့မလိုဘူး။ ဘာနဲ့ပဲ စားရစားရ ထမင်းမြိန်နေတတ်တယ်။ ကံကောင်းနေပြီကိုး။
  ကိုယ်က တစ်လွဲအကြံပေးလိုက်တယ်။ လုပ်တဲ့သူကလည်း လိုက်ပြီးလုပ်တယ်။ သူ့ဟာနဲ့သူ အပေါက်အလမ်း တည့်သွားတယ်။ အဲဒီမှာပဲ ကိုယ့်ကို ကျေးဇူးတင်တော့တာပါပဲ။ ကံကောင်းနေတော့လည်း ပြောတိုင်းဖြစ်တာပေါ့လေ။
  ကိုယ်က အလုပ်လုပ်ချင်တယ်။ ကိုယ့်မှာ ငွေမရှိဘူး။ ငွေရှိတဲ့သူဆီက သူ့ငွေတွေကို ယူပြီးလုပ်ပါ။ ပေးချင်တဲ့အခါမှ ပြန်ပြီးပေးပါဆိုပြီး ငွေထုပ်ကို လာပြီးအပ်တတ်တယ်။ ကံကောင်းနေတာကိုး။
  သေမလောက်ရောဂါခံနေရတဲ့သူကို ကိုယ်က ကြားဖူးတဲ့ဆေးမြီးတိုကလေး ပေးလိုက်တယ်။ သူကလည်း ယုံကြည်စွာနဲ့သောက်တယ်။ အဲဒီမှာ ရောဂါပျောက်သွားတယ်။ ကိုယ့်ကိုလည်း ဇီဝကလောက်ထင်သွားတယ်။
  လုပ်ငန်းသစ်တွေ စရတတ်တယ်။ မမျှော်လင့်တဲ့ဆီက ငွေတွေဝင်လာတတ်တယ်။ ဆုံးပြီလို့ထင်တဲ့ငွေတွေ ပြန်ရတတ်တယ်။ အလုပ်တွေ အကျိုးပေးတတ်တယ်။
  ဘုရားဆင်းတုတော်တွေ၊ ဘုရားပုံတော်တွေ အိမ်ကို ကြွလာတတ်တယ်။


အထူးမှာကြားချက်
  တနင်္ဂနွေသားသမီး မည်သူမဆို အသက် (၃၁) နှစ်၊ (၃၉) နှစ်၊ (၄၇) နှစ် အရွယ်တို့တွင် ပစ္စည်းဥစ္စာများဆုံးရှုံးခြင်း၊ ဂုဏ်သိက္ခာထိခိုက်ခြင်း၊ ရင်းနှီးသော ဆွေမျိုးသားချင်း သေဆုံးခြင်း၊ အိုးအိမ် နေရာထိုင်ခင်းများ အခက်အခဲကြုံခြင်းများ ဖြစ်တတ်ပါတယ်။ အထူးသတိပြုပါ။ ဖြစ်နိုင်လျှင် ရိပ်သာတစ်ခုခု၌ အနည်းဆုံး (၄၉) ရက် တရားဝင်ပါ။ ထိုသို့ပြုလုပ်လျှင် ထိုအန္တရာယ်များမှ လွတ်ကင်းနိုင်ပါလိမ့်မည်။ ထို့ပြင် တစ်ခုသော ဗုဒ္ဓဟူးနေ့ညနေ (၃) နာရီတွင် ဘုရားစင်ရှေ့တွင် စားပွဲတစ်လုံးခင်းပါ။ ထိုစားပွဲပေါ်တွင် ဖန်ခွက်တင်ပါ။ ထိုဖန်ခွက်ထဲတွင် ကတတ်ညွန့် (၇) ညွန့်ထည့်ပြီး အထက်ကဖော်ပြခဲ့တဲ့ ဘေးဥပါဒ်များ ကင်းဝေးစေရန် လေးလေးနက်နက် ဆုတောင်းပါ။
  တစ်ခုအကြံပေးချင်တာက ဒီလိုကံကောင်းတဲ့နှစ်မှာ ကိုယ့်အလုပ် ကိုယ်ကြိုးစားပြီးလုပ်ပါ။ ဘယ်အသင်းအဖွဲ့မှ မဝင်ပါနဲ့။ မုချ ချမ်းသာမယ့်နှစ်ဖြစ်မယ်။ ကြိုးစားရင် ကြိုးစားသလောက် အကျိုးရှိမှာ ဖြစ်တယ်။
  အလွန်ကောင်းတဲ့ သတင်းတစ်ခုကြားရတတ်ပါတယ်။ လူချစ်လူခင်များမယ့်နှစ်လည်း ဖြစ်တယ်။ အလှူလုပ်ရတတ်တယ်။ လုပ်ရမယ့် အလှူကလည်း ရည်ရွယ်တုန်းကသေးသေး တကယ်လုပ်တော့ ကြီးသွားလိမ့်မယ်။ ဒီနှစ်ထဲမှာ ဆိတ်သားဟင်းရှောင်ထားပါ။
  ကားပိုင်မရှိသေးရင်တော့ ကားပိုင်ရလိမ့်မယ်။ ပထမရတဲ့ကားကတော့ မကြာခဏပျက်လိမ့်မယ်။ အဲဒီပျက်တဲ့ကားကိုလဲပြီး နောက်ရမယ့်ကားကမှ အကောင်းစီးရမှာနော်။ ကားရှိပြီးသားဆိုရင်တော့ ကားသစ်ရပြီဆိုပြီး သိပ်လည်း ပျော်မနေနဲ့ဦး။ ဘေးမှာ ပွတ်တိုက်ထားတဲ့ ဒဏ်ရာရှိတယ်။
  ဘာပဲဖြစ်ဖြစ် ဒီနှစ်မှာ သင်ဟာချမ်းသာမှာပါပဲ။ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာများ ကြုံရတတ်ပါတယ်။ ငွေကုန်ကြေးကျ များခြင်း၊ ရသောငွေ မမြဲခြင်းများ ကြုံရတတ်ပါတယ်။

ယတြာ

ဒီနှစ်မှာ အတော့်ကို ကံကောင်းနေပြီပဲ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်တွေလည်း ရှိတာပေါ့။ အဲဒါလေးတွေကို ပြေပျောက်သွားဖို့အတွက် စေတီတော်တစ်ဆူဆူမှာ ယပ်သက်စေ့လှူလိုက်ပါ။ ရေသက်စေ့ သပ္ပါယ်ပါ။ ရုပ်ပွားတော်ရဲ့ ရင်ပတ်တော်မှာ ရွှေ (၁၂) ပြားချပါ။ လောကဝိဒူ ဂုဏ်တော်ကို အဓိဋ္ဌာန်နဲ့ စိပ်ပေးပါ။
  ရွှေထီး ၂ လက်ကို ဗုဒ္ဓဟူးထောင့်မှာ ကြက်ခြေခတ်ပြီးလှူပါ။ ကြာပန်းအဖြူရောင်လှူပါ။ အဲဒီလိုလှူလိုက်မယ်ဆိုရင် အညံ့အခိုက်တွေဟာ ပြေပျောက်သွားမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ အတော့်ကို ကံကောင်းတဲ့နှစ် ဖြစ်ပါတယ်။