My Account

ကြာသပတေး နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (တနလာင်္ သက်ရောက်)

သင် . . . ဟာ ဒီအသက်ပိုင်းမှာ လုပ်ငန်းသစ်တွေ စရတတ်တယ်။ အလုပ်တွေအကျိုးပေး တတ်တယ်။ သေမလောက် ရောဂါခံနေရတဲ့ သူကို ကိုယ်က ကြားဖူးတဲ့ဆေးမြီးတိုကလေး ပေးလိုက်တယ်။ သူကလည်း ယုံကြည်စွာနဲ့ သောက်လိုက်တယ်။ အဲဒီမှာ ရောဂါပျောက်သွားတယ်။ ကိုယ့်ကိုလည်း ဇီဝက လောက်ထင်သွားတယ်။ ကံကောင်းနေတာကိုး။
  တစ်ခုအကြံပေးချင်တာက ဒီလိုကံကောင်းတဲ့နှစ်မှာ ကိုယ့်အလုပ် ကိုယ်ကြိုးစားပြီး လုပ်ပါ။ ဘယ်အသင်းအဖွဲ့မှ မဝင်ပါနဲ့။ အချိန်ဖြုန်းသလို လုပ်ရတဲ့ ကျားထိုးတာတို့ ချက်ထိုးတာတို့ ဘောလုံးပွဲ ကြည့်တာတို့ မလုပ်ပါနဲ့။ မုချ ချမ်းသာမယ့်နှစ်ဖြစ်မယ်။ ကြိုးစားရင် ကြိုးစားသလောက် အကျိုးရှိမှာ ဖြစ်တယ်။
  ဒီနှစ်မှာ တခြားနှစ်နဲ့ မတူဘူး။ ကိုယ့်ကို မလေးစားတဲ့လူတွေကတောင် ကြည်ညိုလေးစား လာတတ်ကြပါတယ်။ ဒီနှစ်ဟာ ကံကောင်းတဲ့နှစ်လို့ ဆိုရလိမ့်မယ်။ ဘုရားဆင်းတုတော်တွေ၊ ဘုရားပုံတော်တွေ အိမ်ကို ကြွလာတတ်တယ်။
  ထမင်းစားတဲ့ အခါလည်း ဟင်းကောင်းဖို့ မလိုဘူး။ ဘာနဲ့ပဲ စားရစားရ ထမင်းမြိန်နေတတ်တယ်။ ကံကောင်းနေပြီကိုး။ ကိုယ်က တစ်လွဲအကြံပေးလိုက်တယ်။ လုပ်တဲ့သူကလည်း လိုက်ပြီးလုပ်တယ်။ သူ့ဟာနဲ့သူ အပေါက်အလမ်း တည့်သွားတယ်။ အဲဒီမှာပဲ ကိုယ့်ကို ကျေးဇူးတင်တော့တာပါပဲ။ ကံကောင်းနေတော့လည်း ပြောတိုင်း ဖြစ်တာပေါ့လေ။
  မမျှော်လင့်တဲ့ဆီက ငွေတွေဝင်လာတတ်တယ်။ ဆုံးပြီလို့ ထင်တဲ့ငွေတွေ ပြန်ရတတ်တယ်။ အလုပ်တွေ အကျိုးပေး တတ်တယ်။ လူချစ်လူခင်များမယ့်နှစ်လည်း ဖြစ်တယ်။ ကိုယ်က အလုပ်လုပ်ချင်တယ်။ ကိုယ့်မှာ ငွေမရှိဘူး။ငွေရှိတဲ့သူက သူ့ငွေတွေကို ယူပြီးလုပ်ပါ။ ပေးချင်တဲ့အခါမှ ပြန်ပြီးပေးပါဆိုပြီး ငွေထုပ်ကို လာပြီးအပ်တတ်တယ်။ ကံကောင်းနေတာကိုး။
  ဘာပဲဖြစ်ဖြစ် ဒီနှစ်မှာ သင်ဟာ ချမ်းသာမှာပါပဲ။ ကိုယ်က ဖြစ်သလို ဝတ်စားတာကို ဘေးလူက ကြည့်လို့ကောင်းနေတတ်တယ်။ အလွန်ကောင်းတဲ့ သတင်းတစ်ခုကြားရတတ်ပါတယ်။
  ကားပိုင်မရှိသေးရင်တော့ ကားပိုင်ရလိမ့်မယ်။ ပထမရတဲ့ကားကတော့ မကြာခဏ ပျက်လိမ့်မယ်။ အဲဒီပျက်တဲ့ကားကိုလဲပြီး နောက်ရမယ့်ကားကျမှ အကောင်းစီးရမှာနော်။ ကားရှိပြီးသားဆိုရင်တော့ ကားသစ်ရပြီဆိုပြီး သိပ်လည်း ပျော်မနေနဲ့ဦး။ ဘေးမှာ ပွတ်တိုက်ထားတဲ့ ဒဏ်ရာရှိတယ်။
  အလှူလုပ်ရတတ်တယ်။ လုပ်ရမယ့် အလှူကလည်း ရည်ရွယ်တုန်းကသေးသေး၊ တကယ်လုပ်တော့ ကြီးသွားလိမ့်မယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ ငွေကုန်ကြေးကျ များခြင်း၊ ရသောငွေ မမြဲခြင်းများ ကြုံရတတ်ပါတယ်။

အထူးမှာကြားချက်
  ကြာသပတေးသားသမီး မည်သူမဆို အသက် (၁၈) နှစ်အရွယ်မှာ သူတစ်ပါး၏ မတရားစွပ်စွဲပြောဆိုခြင်းကို ခံရတတ်ပါတယ်။ ထိုသို့ မဖြစ်စေရန်အတွက် စာအုပ် (၁) အုပ်၊ ဆား(၁) ထုပ်ကို ဗုဒ္ဓဟူးနေ့ ညနေ (၃) နာရီတွင် သောကြာသား သက်ကြီးရွယ်အို တစ်ဦးဦးအား လှူဒါန်းလိုက်ပါလေ။

အထူးမှာကြားချက်
 
  ကြာသပတေး သားသမီး မည်သူမဆို အသက် (၂၆) နှစ် အရွယ်တွင် ပတ်ဝန်းကျင်၏ အထင်သေးခြင်း၊ မတော်မတရား ပြောဆိုခံရခြင်းတို့ ကြုံတွေ့ရတတ်ပါတယ်။ ထိုသို့ မဖြစ်စေရန်အတွက် ဆိတ်သားဟင်းနှင့် ထမင်းအကျန်ကိုနယ်၍ ဗုဒ္ဓဟူးနေ့ ည (၈) နာရီအချိန်တွင် ငှက်ပျောဖက်ခင်းကာ (၉) ပုံ ပုံ၍ လမ်းပေါ်မှ ခွေးများကို ကျွေးလိုက်ပါလေ။

ယတြာ

  မိတ်ဆွေ ဒီနှစ်မှာ အတော့်ကို ကံကောင်းနေပြီပဲ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်တွေလည်း ရှိတာပေါ့။ အဲဒါလေးတွေကို ပြေပျောက်သွားဖို့အတွက် စေတီတော်တစ်ဆူဆူမှာ ယပ်သက်စေ့ လှူလိုက်ပါ။ ရေသက်စေ့ သပ္ပါယ်ပါ။ ရုပ်ပွားတော်ရဲ့ ရင်ပတ်တော်မှာ ရွှေ (၁၂) ပြားချပါ။ လောကဝိဒူ ဂုဏ်တော်ကို အဓိဋ္ဌာန်နဲ့ စိပ်ပေးပါ။
  ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ အတော့်ကို ကံကောင်းတဲ့နှစ်ဖြစ်ပါတယ်။ ရွှေထီး ၂ လက်ကို ဘုရားမှာ ကြက်ခြေခတ်ပြီး လှူပါ။ ကြာပန်းအဖြူရောင် လှူပါ။ အဲဒီလို လှူလိုက်မယ်ဆိုရင် အညံ့အခိုက်တွေဟာ ပြေပျောက်သွားမှာပါပဲ။